ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖျော်ဖြေရေးအစီအစဉ်များအား ကြည့်ရှုအားပေး

ဘားအံ   ဇန်နဝါရီ    

ကရင်တိုင်းရင်းသားလူမျိုးများ အလေးအမြတ်ထား ဂုဏ်ယူတန်ဖိုးထားရသည့် နေ့ထူးနေ့မြတ်ဖြစ်သော ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့် ဖီ့ဗူးယော်ကောက်သစ်စားပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာနှင့်အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပခဲ့ရာ ယမန်နေ့ ညပိုင်းက သီရိကွင်း ဒုံးစင်မြင့်ထက်တွင် ပဒေသာဖျော်ဖြေရေးအစီအစဉ်ကို ထည့်သွင်း ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းရင်းသားပြည်သူ များ ကြည့်ရှုအားပေးခဲ့ကြသည်။

ဖျော်ဖြေရေးအစီအစဉ်များကို ညနေ ၆ နာရီအချိန်မှ စတင်ကျင်းပခဲ့ပြီး ကရင်တိုင်းရင်းသား လဲကယ် ဘာသာဝင်များ၏ ကရင်ရိုးရာယဉ်ကျေးမှု တူရိယာများဖြင့် သီဆိုတီးခတ်ဖျော်ဖြေမှုများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများ၏ တိုင်းရင်းသားတို့၏ရိုးရာ ပဒေသာအကအလှများ၊ ကော့ပရံကျေးရွာ ယဉ်ကျေးမှုအဖွဲ့က ကရင်ရိုးရာဒုံးအက၊ ဘားအံပညာရေးဒီဂရီ ကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက ဝါးညှပ်အက၊ မွန်တိုင်းရင်းသားအဖွဲ့များ က မြတ်လှ ၁၂ ရာသီ ယိမ်းအက၊ နန်းတွင်းအက၊ ပအိုဝ်းတိုင်းရင်းသား အဖွဲ့များက ပအိုဝ်းရိုးရာ ယဉ်ကျေးမှုအကများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ကရင်တေးသံရှင်လုံးမာန်နှင့်အဖွဲ့က ဒေသ အကျိုးပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များဝန်ကြီးများက သီဆိုကပြဖျော်ဖြေခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြု ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး စည်လုံးခြင်းသည်အင်အားဟု အဓိပ္ပါယ်ရသော ကရင်တေး သီးချင်းကိုစုပေါင်းသီဆို၍ ဖျော်ဖြေရေး အစီအစဉ်များကို ရုတ်သိမ်းခဲ့သည်။

ဒေသတွင်း မွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဖော်ဆောင်လျက်ရှိသော စက်မှုဇုန်အနီးရှိ ဘားအံမွေးမြူရေး ဇုန်ကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမွေးမြူရေးဇုန် ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေး မေးမြန်းရာ ပြည်နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်နိုင်ထွန်းက ဘားအံမွေးမြူရေးဇုန်ပတ်လမ်းနှင့် မြေသားလမ်းဖောက်လုပ်ပြီးစီးမှု၊ ရေစီးရေလာကောင်းမွန် စေရေးအတွက် ရေမြောင်းများ၊ Box Culvert များ ထည့်သွင်းဆောင် ရွက်ထားမှုအခြေအနေများ ကိုလည်းကောင်း၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာ အောင်မြင့်ဟန်က ဘားအံမွေးမြူရေးဇုန်အတွင်း မွေးမြူမည့်တိရိစ္ဆာန်အမျိုးအစားအလိုက် မြေနေရာချထားပေးမှုနှင့် လုပ်ငန်းစတင်အကောင်အထည်ဖော်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမွေးမြူရေးဇုန်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)