ပြည် ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၈ နာရီက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပရာတွင် အပြေးပြိုင်ပွဲနှင့် အာလူးကောက်ပြိုင်ပွဲ အပါအဝင် အခြားဂိမ်းကစားနည်းများပါဝင်ကာ ပြိုင်ပွဲများသို့ အဆိုပါကျောင်းမှ မူကြို အရွယ်ကလေးငယ် ၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒိုင်အဖွဲ့ နှင့် အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာဆရာမများ၊ ကျောင်းသား မိဘများ တက်ရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် ပြိုင်ပွဲဝင် ကလေးငယ်များအား အထူးဆုများကို လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်