မော်လိုက် ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဌာနဆိုင်ရာပေါင်းစုံ အားကစားပြိုင်ပွဲများကို တတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းက ပြည်သူ့အားကစားကွင်းတွင် ဆက်လက်ကျင်းပခဲ့သည်။
ယနေ့တွင် နံနက်ပိုင်းတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ် များကို ကျင်းပခဲ့ရာ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြုအသင်းနှင့် မီးသတ်ဦးစီးဌာန ကိုယ်စားပြုအသင်း တို့ကလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကိုယ်စားပြုအသင်းနှင့် မီးသတ်ဦးစီးဌာန ကိုယ်စားပြု အသင်းတို့ကလည်း ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ညနေပိုင်းတွင် တတိယလုပွဲများအနေဖြင့် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကိုယ်စားပြုအသင်းနှင့် ကျန်းမာရေး ဦးစီးဌာန ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကိုယ်စားပြုအသင်းမှ အနိုင်ရရှိခဲ့ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယလုပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကိုယ်စားပြုအသင်းနှင့် အခြေခံပညာ ဦးစီးဌာန ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကိုယ်စားပြုအသင်းမှ အနိုင်ရရှိခဲ့ကြောင်းနှင့် ဗိုလ်လု ပွဲစဉ်များဖြစ်သည့် လွန်ဆွဲပြိုင်ပွဲ (ကျား/မ)၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲများနှင့် ဆုပေးပွဲများကို ၂၀၂၂-ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မော်လိုက်မြို့၊ ပြည်သူအားကစားကွင်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမတို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစံမင်းအောင် ထံမှသိရသည်။
အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး