ပွင့်ဖြူ ဇန်နဝါရီ ၃
အခါတပါးက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သုနာပရန္တတိုင်း ဝါဏိဇ္ဇဂါမရွာမှ မဟာပုဏ္ဏနှင့် စူဠပုဏ္ဏကုန်သည် ညီနောင်နှစ်ယောက်ရှိရာ အစ်ကိုဖြစ်သူ မဟာပုဏ္ဏ သူကြွယ်သားသည် လှည်းပေါင်းငါးရာနှင့် ကုန်လှည့်လည် ရောင်းဝယ်ရင်း မဇ္ဈိမဒေသ ကောသလတိုင်း သာဝတ္ထိပြည်သို့ ဆိုက်ရောက်ခဲ့လေသည်။
သာဝတ္ထိပြည်သို့ ရောက်သောအခါ သင့်တော်ရာအရပ်၌ လှည်းများကို စခန်းချပြီး ကုန်ရောင်းကုန်ဝယ်အမှု ပြုလုပ်ခဲ့ကြသည်။ ထိုသို့ပါရှိသော ကုန်တို့ရောင်းဝယ်လျက် ညနေစောင်းအချိန်သို့ ရောက်သောအခါ သာဝတ္ထိ မြို့သူမြို့သားများသည် ဆီမီး၊ ပန်းနံ့သာများ ကိုင်ဆောင်လျက် တခုသောအရပ်သို့ သွားလာနေကြသည်ကို တွေ့ရှိ၍ မဟာပုဏ္ဏကုန်သည်က သိချင်စိတ်ဖြင့် ကုန်ဝယ်လာသူအား မေးမြန်းရာ ကုန်ဝယ်သူအမျိုးသားက သည်လူတွေဟာ သာဝတ္ထိမြို့မှာရှိတဲ့ ဇေတဝန်ကျောင်းတော်ကြီးကို ဘုရားဖူး တရားနာကြရန် သွားနေကြတာဖြစ်ကြောင်း ပြောပြသည်။
မဟာပုဏ္ဏကုန်သည်လည်း အသံကြားရုံမျှဖြင့် မြတ်စွာဘုရားအား ဖူးမြော်ချင်စိတ် တဖွားဖွား ဖြစ်ပါ်လာပြီး ကုန်ဝယ်လာသူ အမျိုးသားအား "မိတ်ဆွေ ကျွန်ုပ်လည်း မြတ်စွာဘုရားရှင်အား ဖူးမြော်ချင်ပါသည် ကျွန်ုပ်အား လိုက်ခွင့်ပြုပါ''ဟု ခွင့်တောင်းပြီး မြတ်စွာဘုရားထံသို့ သာဝတ္ထိမြို့သူမြို့သားများနှင့် လိုက်ပါသွားခဲ့သည်။ မဟာပုဏ္ဏသည် ဇေတဝန်ကျောင်းတော်သို့ ရောက်ရှိ၍ မြတ်စွာဘုရားရှင်၏ တရားတော်ကို နာယူပြီးနောက်တွင် လှည်းသားငါးရာတို့အား သုနာပရန္တတိုင်းသို့ ပြန်လွှတ်ပြီး ဘုရားရှင်ထံ၌ ရဟန်းပြုလေသည်။ မဟာပုဏ္ဏမထေရ် ရဟန်းပြုပြီး မကြာမီ မြတ်စွာဘုရားရှင်ထံ ခွင့်ပန်ကာ ဝါဏိဇ္ဇဂါမသို့ ပြန်လာခဲ့၍ တရားကျင့်ကြံအားထုတ်ရာ ဝါတွင်း၌ပင် ရဟန္တာဖြစ်လေသည်။
ထိုသို့ မဟာပုဏ္ဏမထေရ် ရဟန္တာဖြစ်ပြီး ညီစူဠပုဏ္ဏ သူကြွယ်လည်း လှည်းသားကုန်သည် ငါးရာတို့နှင့်အတူ ကုန်ရောင်းဝယ်မှုအတွက် သမုဒ္ဒရာခရီးဖြင့် သင်္ဘောလွှင့် သွားကြသည်။ သင်္ဘောသည် သမုဒ္ဒရာအလယ် စန္ဒကူးနီပင် ပေါက်ရောက်ရာ ဖြစ်သောမာလာယုကျွန်းသို့ ဆိုက်ကပ်မိလေသည်။ ထိုကျွန်းတွင် အလွန်အဖိုး ထိုက်တန်သော စန္ဒကူးပင်များကို တွေ့မြင်ကြလေရာ အားရဝမ်းသာဖြင့် သင်္ဘောတွင်ပါသော ကုန်တို့ကိုကျွန်း၌ ချခဲ့ပြီး စန္ဒကူးပင်တို့ကိုသာ ခုတ်ဖြတ်၍ သင်္ဘောပေါ် အပြည့်တင်ဆောင် သွားကြသည်။ ကျွန်းမှ ဆုတ်ခွာ၍ အနည်းငယ် ကွာဝေးလာသော အရပ်သို့ရောက်လျှင် စန္ဒကူးတောကို စောင့်ရှောက်ကြကုန်သော နတ်ဘီလူးတို့သည် ကောင်းကင်ခရီးဖြင့် လိုက်လာကြပြီး လှိုင်းတံပိုးကို ထစေခြင်း၊ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်အဆင်းသဏ္ဍာန် အသံ၊ အနံ့တို့ဖြင့် ချောက်လှန့်ကြ ကုန်သည်။
ထိုအခါ စူဠပုဏ္ဏသူကြွယ်က နောင်တော် မဟာပုဏ္ဏမထေရ်အား တမ်းတတိုင်တန်းကာ အကြောင်းကြား တောင်းပန်လေသည်။ ထိုခဏ၌ပင် မဟာပုဏ္ဏမထေရ်သည် ဒိဗ္ဗစက္ကူအဘိဉာဏ်ဖြင့် မြင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ကြွလာပြီးလျှင် ညီတော်နှင့် ငါးရားသောရွာသားတို့အား ဘေးအန္တရာယ်မရှိစေဘဲ ဝါဏိဇ္ဇဂါမသို့ ခေါ်ဆောင်ခဲ့သည်။ ထိုမဟာပုဏ္ဏမထေရ်၏ ကျေးဇူးတော်ကြောင့် အသက်ဘေးမှ ချမ်းသာကြကုန်သော ရွာသားတို့သည် အဖိုးထိုက်တန်သော စန္ဒကူးသားတို့အား မိမိတို့ပြုဖွယ် ကိစ္စများ၌ အသုံးမပြုတော့ဘဲ မဟာပုဏ္ဏမထေရ်အား လှူဒါန်းလိုက်ကြသည်။
မဟာပုဏ္ဏမထေရ်လည်း မြတ်စွာဘုရားအား ရည်မှန်း၍ စန္ဒကူးသားများဖြင့် ကျောင်းတော်ကို ဆောက်လုပ်စေသည်။ ကျောင်းတော်ပြီးစီး သွားသောအခါ မဟာပုဏ္ဏမထေရ်သည် ဇေတဝန်ကျောင်းတော် သို့ ကောင်းကင်ခရီးဖြင့် ကြွတော်မူပြီးလျှင် မြတ်စွာဘုရားရှင်အား စန္ဒကူးသားဖြင့် ဆောက်လုပ်ထားသော ကျောင်းတော်ကြီးကို အလှူခံတော်မူပါမည့်အကြောင်း ပင့်လျှေက်လေသည်။ မြတ်စွာဘုရားရှင်လည်း ပြာသာဒ်ယာဉ်ပျံ ၅၀၀ တွင် ရဟန္တာ ၄၉၉ ပါးတို့အားခြံရံလျက် ကောင်းကင်ခရီးဖြင့် ကျောင်းတော်သို့ ကြွတော်မူခဲ့ပြီး သစ္စဗန္ဓတောင်သို့ ရောက်တော်မူလျှင် သစ္စဗန္ဓရသေ့အား တရားအမြိုက် တိုက်တော်မူသဖြင့် ဧဟိဘိက္ခုရဟန်းအဖြစ်သို့ ရောက်တော်မူ၍ ကျန်ပြဿဒ်ကိုစီးကာ ဝါဏိဇ္ဇဂါမရွာသို့ ရောက်တော်မူပြီး ဂန္ဓာရုံကျောင်းတော်၌ ခုနှစ်ရက်ပတ်လုံး သီတင်းသုံးတော်မူပြီးလျှင် ရောက်လာကုန်သော ပရိတ်သတ်တို့အား စရိုက်နှင့်လျော်စွာသော တရားဒေသနာတော်များကို တိုက်ကျွေးတော်မူခဲ့ရာ တစ်နေ့လျှင် ၇၈၀၀၀ ကုန်သော လူပရိတ်သတ်များ ကျွတ်တမ်းဝင်ကြသည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ မြတ်စွာဘုရားရှင် ပြန်ကြွတော်မူပြီး နောက်ကာလများတွင် မဟာပုဏ္ဏမထေရ်သည် ဘုရားရှင်အား အစဉ်ထာဝရသတိရ၍ ကြည်ညိုပွားများရန် ရည်သန်လျက် ''မြတ်စွာဘုရား ကိန်းဝပ်တော်မူရာ သရက္ခန်ဂန္ဓာရုံ ကျောင်းတော်ရာ'' ဟု ကမ္ဗည်းကျောက်စာ ရေးထိုးတော် မူခဲ့သည်။ ထိုကာလများနောက် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး လက်ထက်သို့ ရောက်သောအခါ ဆည်တော်ကို ပြုပြင်၍ ကန်၊ ချောင်း၊ ဆည်မြောင်းများ တူးဖော်ရာ မဟာပုဏ္ဏမထေရ် ရေးထိုးခဲ့သော ကမ္ဗည်းကျောက်စာကို တွေ့ရှိရလေလျှင် သက်တော်ထင်ရှား ဘုရားသခင်ကို ဖူးတွေ့ရသကဲ့သို့ ဝမ်းမြောက်တော်မူလှ၍ ထိုကမ္ဗည်းကျောက်စာနေရာ၌ မုခ်ထွတ်လေးမျက်နှာရှိသော စေတီတော်၊ ကျောင်း၊ သိမ်၊ စင်္ကြံစသည့် လေးဌာနတို့ကို တည်ထား ဆောက်လုပ်တော် မူခဲ့သည်မှာ ဤကျောင်းတော်ရာ နေရာ၌ ပထမဆုံး စေတီတည်ထားခြင်း ဖြစ်ပေသည်။
မြန်မာသက္ကရာဇ် ၁၂၃၈ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၆ ရက်နေ့ညအချိန်တွင် မိုးကြီးလေကြီး ပြင်းထန်စွာ ရွာသွန်းတိုက်ခတ်ခြင်းကြောင့် စေတီတော်ကြီး အက်ကွဲပျက်စီးသည်ကို လယ်ကိုင်း ဇေယျဘုမ္မိဂိုဏ်းထောက်ကြီး ဆရာတော် ဦးဘယသာမိမှ မေတ္တာစာ ရေးသွင်းချက်အရ မင်းတုန်းမင်းတရားကြီး မိန့်တော်နှင့် လယ်ကိုင်းမြို့စား ကင်းဝန်မင်းကြီး ဦးကောင်းကို စေလွှတ်၍ မူလစေတီတော် အချိုးအစားအတိုင်း ပြင်ဆင်တော် မူစေသည်။ ကျောင်းတော်ရာ ဆရာတော်ဦးသုမနနှင့် ညှိနှိုင်းတိုင်ပင်၍ ဖောင်းရစ်တော် ၁၈ လုံးမျှအပြီး မင်းတုန်းမင်းတရားကြီး နတ်ရွာစံ၍ ၁၂၄၂ ခုနှစ်တွင် သီပေါမင်းတရားသည် ကင်းဝန်မင်းကြီးကိုပင် ထပ်မံစေလွှတ်၍ စေတီတော်ကို အပြီးသတ် ထီးတော်တင်စေခဲ့သည်။
ယခုဖူးတွေ့ရသော ကျောင်းတော်ရာ စေတီတော်၏ အချိုးအစားမှာ ဉာဏ်တော်အမြင့် ၉၂ တောင်ထွာ၊ သပိတ်မှောက်အဝ (လုံးပတ်) ၈၈ တောင် ၂ မိုက်၊ ဖိနပ်တော် (အောက်ခြေ) အနားတစ်ဖက် ၇၅ တောင်ထွာ၊ ဖောင်းရစ်လုံးရေ ၂၇ လုံး၊ ကြာမှောက်ကြာလန် ၁၂ တောင်ထွာ၊ ချရားသီးလုံးပတ် ၁၀ တောင် ၃ လက်မ၊ ချရားသီးအရပ် ၇ တောင်၊ ထီးတော်ဝ ၆ တောင်၊ ထီးတော်အရပ် ၁၅ တောင်၊ အရံစေတီတော်ပေါင်း ၁၂၆ ဆူ၊ မုခ်ဘုရား ၄ ဆူ၊ ထီးတော်သုံးဆင့်ရှိရာ အထက်ဆုံးထီးတော် (အဆင့်)မှာ ငွေသားအစစ်ဖြစ်သည်။
ထိုကျောင်းတော်ရာ စေတီတော်မြတ်တွင် ယခင်က ( ၁ )နှစ်လျှင် ပွဲတော်နှစ်ကြိမ် ကျင်းပပြုလုပ် ခဲ့သော်လည်း ယခုအခါတွင် ဝါဆိုလပြည့်နေ့မှစ၍ ဝါတွင်းကာလများတွင်သာ ပွဲတော်ခင်းကျင်း ပြုလုပ်တော့သည်။ ကျောင်းတော်ရာ မြစ်ကွေ့၌တွေ့ရသော ငါးများကို ဘုရားငါးဟုခေါ်၍ ထိုငါးများသည် ဝါဆိုလပြည့်နေ့ (ဝါထပ်သော်) ဒုတိယဝါဆိုလပြည့်နေ့တွင် ရောက်လာကာ ဘုရားအနီး မုန်းမြစ်ထဲ စုဝေးနေကြပြီး သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့တွင် မှန်မှန်ပြန်ကြကာ ထိုငါးများကို ဖမ်းဆီး စားသောက်သူများသည် ဝမ်းသွား သွေးအန် အသေမြန်ကြ၍ ၎င်းငါးများအား ဖမ်းဆီးသတ်ဖြတ် မည်ကြံလျှင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များက အိပ်မက်ပေးသည်ဟု ဆိုလေသည်။ ငါးများသည် စန္ဒကူးတောကို စောင့်ရှောက်သော ဘီလူးများ ဝင်စားသည်ဟု အချို့က ဆိုကြသည်။ မည်သို့ရှိစေကာမူ တန်ခိုးကြီးသော ဗုဒ္ဓအမွေ ကျောင်းတော်ရာမြေမှ စေတီတော် မြတ်ကြီးသို့ တစ်ခေါက်တစ်ခါ အရောက်လာ ဖူးနိုင်ကြပါစေကြောင်း ဆုတောင်း၍ ကုသိုလ်မျှဝေလိုက်ရပါတော့သည်။
ဇေယျာထက် (မင်းဘူး)