ပိုင်ကျုံ ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ (မူလွန်)မိုးနိုင်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတတ်စေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေခြင်း၊ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားတတ်ခြင်း စသည့် အကျိုးကျေးဇူးရရှိစေရန် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲကို အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အလွတ်တန်းအပြေးပြိုင်ပွဲ မီတာ (၁၀၀/၂၀၀)၊ ဘောလုံးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြေးပြိုင်ပွဲ၊ သံပရာသီးဇွန်းကိုက်ပြေးပြိုင်ပွဲများကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဇန်နဝါရီ(၄)ရက်နေ့တွင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)