မင်းလှ(အောက်) ဩဂုတ် ၂၅
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် ထောက်ပံ့မှုများပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ် ခြင်းကို ယနေ့နေ့လည် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမျိုးညွှန့်က ထောက်ပံ့ငွေများအား သက်ဆိုင်ရာ အခြေခံလူ တန်းစားများ လက်ဝယ်သို့ မှန်မှန် ကန်ကန် အပြည့်အဝ ရောက်ရှိရန် ရပ်ကွက်/ ကျေးရွာအုပ် ချုပ်ရေးမှူးများအဖွဲ့က အလေးထား ဆောင်ရွက် သွားကြရန် မှာကြားခဲ့ပြီး ရပ်ကွက်/ ကျေးရွာ (၆၆)အုပ်စုမှ အုပ်ချုပ်ရေးမှုးများထံ အိမ်ထောင်စုပေါင်း ၂၁၅၀၀ စုအတွက် ကျပ်သိန်းပေါင်း (၄၃၀၀) ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ဖြန့်ဝေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ပထမအကြိမ်တွင် ရိက္ခာ ၅ မျိုးအား ထောက်ပံ့ခဲ့ရာ ဒုတိယအကြိမ်အဖြစ် အကြောင်းအမျိုးမျိုးကြောင့် ပထမ အကြိမ်တွင် ထောက်ပံ့ရန် ကျန်ရှိခဲ့သည့် အိမ်ထောင်စု များကို အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ တတိယအကြိမ်အဖြစ် အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ယခု စတုတ္တအကြိမ်အဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ထပ်မံထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ