ဂန့်ဂေါခရိုင် ကျွန်းဒတ်ကျေးရွာလမ်းပြုပြင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ပုံငွေ ထောက်ပံ့

ဂန့်ဂေါ သြဂုတ် ၂၄

ဂန့်ဂေါခရိုင် ကျွန်းဒတ်ကျေးရွာ ကျေးရွာတွင်းလမ်းပြုပြင်ရန် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ကျွန်းဒတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ငွေကျပ် သိန်း ၇၀ ကို ကျေးရွာမှ တာဝန်ရှိသူများထံ ယမန်နေ့က ပေးအပ်ထောက်ပံ့သည်။

ကျွန်းဒတ်ကျေးရွာ ရွာတွင်းလမ်းမကြီးမှာ ရွှံ့ဗွက်လမ်းဖြစ်ပြီး ယခင်နှစ်များက ကိုယ့်အား ကိုယ်ကိုး စနစ်ဖြင့် ဆောင်ရွက်ခြင်းများ ရှိသော်လည်း ကျောက်ခဲကြမ်းခင်းခြင်း လုပ်ငန်းမှာ စက်ယန္တယားသုံးစွဲရမည်ဖြစ်ရာ လိုအပ်သည်ကို ဆက်လက်ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေး အပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြုပြင်မည့်လမ်းမှာ ကျေးရွာ၏အဓိက ဆက်သွယ်သွားလာရာ လမ်းဖြစ်ကာ အလျား ၃၅၀၀ ပေ၊ အနံ ၁၈ ပေ၊ ထု ၆ လက်မ ကို ဂဝံကျောက်/ဂျင်းမြေ၊ ကျောက်သဲကြမ်းခင်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။ လမ်းအဆင့်မြင့် ပြုပြင်ပြီးပါက ကျေးရွာတွင် ဆက်သွယ် သွားလာမှု ရာသီမရွေး အဆင်ပြေ လွယ်ကူ သွားမည်ဖြစ်ကြောင်းနှင့် ထောက်ပံ့ငွေပေး အပ်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)