ပိုင်ကျုံ ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နို့ထိုခေး-ကွီးပညာ ရွာချင်းဆက်လမ်းအား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း ကို နို၀င်ဘာလ ၁၀ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၉၀) ရာခိုင်နှုန်းခန့်ထိ ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် ပိုင်ကျုံမြို့အမှတ် (၂) ရပ်ကွက်နှင့် အမှတ်(၁)ရပ်ကွက် ဆက်သွယ်ထားသည့် လမ်း ဖြစ်ပြီး အရှည် ၁ မိုင်၊ ၄ ဖာလုံရှိ မြေသားလမ်းအား ကတ္တရာလမ်းခင်းခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ ၆ လပတ်အတွင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၃၈၆.၉၈၆) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းကို ဇွဲကပင်မေမေကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ် ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ဥတုသုံးပါးလုံး လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် မြို့သာယာလှပ၍ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)