ထားဝယ် ဇန်နဝါရီ ၃
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်က မီးဘေးကာကွယ်ရေး အတွက်မီးသတ် တပ်ဖွဲ့ဝင်များတိုးချဲ့ဖွဲ့စည်းရေးနှင့် အရည်အသွေးပြည့်ဝထက်မြက်အောင် ခေတ် နှင့်အညီ တိုးတက်ပြောင်းလဲလာသော မီးသတ်ပညာရပ်များကို မီးသတ်တပ်ဖွဲ့ဝင်တိုင်း သိရှိတက် မြောက်ထားရန်အတွက် လေ့ကျင့်ရေးကိုဦးစားပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ ရည်မှန်းချက်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြည်သူ့အကျိုး ပြုဆောင်ရွက်ရေးလုပ်ငန်းများကို စွန်စွန့်စားစား၊ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံတော်က စွမ်းရည်သတ္တိနှင့် စွမ်းဆောင် မှုဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်လျက်ရှိကြောင်း၊ သင်တန်းကသင်ကြားပေးလိုက်သော သင်ခန်းစာ များကိုလည်း စိတ်ဝင်တစား လေ့လာသင်ကြားပြီး ပိုမိုကျွမ်းကျင်အောင်လေ့ကျင့်ကြရန် လိုကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ရေးဆိုသည့် ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေမပြတ်ရန်အတွက် အစိုးရ၊ ပြည်သူတို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမျိုးဝင်းနှင့် တာဝန်ရှိသူများက သင်တန်းသားများအား အရန်မီးသတ် တူညီဝတ်စုံများပေးအပ်သည်။
သင်တန်းတွင်တာဝန်ရှိသူများက သင်တန်းသား(၅၀)ဦးအား စစ်ရေးပြသင်ကြားခြင်း ရည်ရွယ်ချက်၊ မီးသတ်တပ်ဖွဲ့ ရည်ရွယ်ချက်စွမ်းရည်(၄)ရပ်၊ အဓိကတာဝန်ကြီး(၅)ရပ်၊ စစ်ဝတ်တန်ဆာ ဝတ်ဆင်ရခြင်းအကျိုးကျေးဇူး၊ မီးလောင်မှု အခြေခံသဘောတရား၊ မီးလောင်သည့်အကြောင်းအရင်း (၁၀) ချက်၊ ရေအကြောင်းအခြေခံသဘောတရား၊ အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းနှင့် လုပ်ငန်းတာဝန်များ၊ အခြေခံကြိုးချည်နည်း၊ မီးငြှိမ်းသတ်ရေး ကိရိယာကိုင်တွယ်အသုံးပြုနည်း၊ ရှေးဦးသူနာပြုစုနည်း၊ ကယ်ဆယ်နည်းအမျိုးမျိုး၊ မီးသတ်တပ်ဖွဲ့ဥပဒေစသည့် ဘာသာရပ်များကို ဇန်နဝါရီ(၂၈)ရက်နေ့အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ကေကေအယ်လ်(ထားဝယ်)