လိပ်သိုဒေသထွက် နနွင်းများ စတင်တူးဖော် ရောင်းချလျက်ရှိ

လိပ်သို  ဇန်နဝါရီ   ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည်  တောင်ပေါ်ဒေသဖြစ်ပြီး   ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိက ထား  လုပ်ကိုင်လျက်ရှိရာ  စီးပွားရေးလုပ်ငန်းအရ  သီးနှံများစွာရှိသည့်အနက်   နနွင်းစိုက်ပျိုးခြင်း လုပ်ငန်းသည် လည်း   တစ်ခုအပါအဝင်ဖြစ်ကြောင်း  သိရသည်။

နနွင်းဟုဆိုရာတွင်  ဟင်းချက်ရာ၌  ဟင်းခတ်အဖြစ် အသုံးပြုသည့်  နနွင်းဝါနှင့်ဆေးဘက်ဝင် နနွင်းခါးဟူ၍  နှစ်မျိုးရှိပြီး  လိပ်သိုဒေသရှိ  ကျေးရွာများတွင်   မီးဖိုချောင်သုံး ပစ္စည်းဖြစ်သည့်   ဒေသမျိုးနနွင်းများကို   မိသားစု အပိုဝင်ငွေရရှိရန်  စိုက်ပျိုးထားကြပြီး  ယခုအခါ စတင်တူးဖော်   ရောင်းချလျက်ရှိကြောင်း  သိရသည်။

နနွင်းကိုတူးဖော်ပြီး  ရေဆေးပေးခြင်း၊  ပြုတ်ခြင်း၊ နေပူလှန်းခြင်းတို့ကို  ဆောင်ရွက်ပြီး ရရှိလာသော  နနွင်းတက် အခြောက်များကို   အရောင်တက်လာစေရန် ဇကောများဖြင့်ခလောက်ပြီး  နေပြန်လှန်းကာ  ရောင်းချလျက်ရှိကြ သည်။  လိပ်သိုဒေသတွင်  နနွင်းရောင်းဝယ်သူများက   နနွင်းအစို တစ်ပိဿာ လျှင်  ငွေကျပ်  ၃၅၀ မှ  ၄၀၀ ကျပ် ၊ နနွင်းတက်အခြောက် တစ်ပိဿာလျှင်  ငွေကျပ် ၃၀၀၀မှ  ၃၅၀၀  အထိဝယ်ယူလျက်ရှိကြောင်း  ဒေသခံ တစ်ဦး၏ ပြောပြချက်အရ  သိရသည်။

မြို့ပြန်/ဆက်