ပလောက်မြို့၊အခြေခံပညာအထက်တန်းကျောင်း တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲ ၊ကဗျာပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ

ပလောက်   ဇန်နဝါရီ   ၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများကို ယမန်နေ့မှစတင်၍ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ စာပေသင်ကြားရေးသာမက ကာယဉာဏစာရိတ္တ၊ ရသ၊ သက်မွေး စသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်မျိုးဆက်သစ်များမွေးထုတ်ပေးရာဖြစ်သည့် အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ အားကစားပြိုင်ပွဲများကို အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်ကစားတတ်ခြင်း၊ စည်းလုံးညီညွတ်မှုရှိရပြီး ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်  အထက်တန်းနှင့်အလယ်တန်းအဆင့်တွင်  စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင် ပွဲ၊မူလတန်းအဆင့်တွင်မီတာ(၅၀)အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ ၊ခြေအိတ်စွပ်ပြိုင်ပွဲများ နှင့်အခြားပျော်ပွှဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ(၄)ရက်နေ့အထိ ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်ရာ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား လွတ်လပ် ရေးနေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)