မင်းဘူး ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမျိုးသားဘော်လီဘော ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပနေမှုများကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နောင်အနာဂတ် လူငယ် လက်ရွေးစင် ကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲ ပေါင်းစုံကို ခရိုင်မိုးလုံလေလုံ အားကစားကွင်းနှင့် မင်းဘူးအ.ထ.က(၁)ကျောင်းတို့၌ အမျိုးသား ဘော်လီဘော ပြိုင်ပွဲများနှင့် စားပွဲတင် တင်းနစ် အကြီးတန်း၊ အငယ်တန်းပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသင်းများ၊ မြို့နယ် Club အသင်းများနှင့် ကျောင်းသား/ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မင်းဘူးအ.ထ.က(၁) ကျောင်းဝင်း အတွင်း လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှုများ၊ အားကစား ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပမည့် နေရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းဘူးမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများအဖြစ် ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက်၊ လွန်ဆွဲပွဲ၊ ချောတိုင်တက်နှင့် အပြေးပြိုင်ပွဲ(၁၂)မျိုး အပါအဝင် ကာယ/ဉာဏ ပြိုင်ပွဲအားကစားနည်းမျိုးစုံကို ကြိုတင် ယှဉ်ပြိုင်ကျင်းပနေပြီး လွတ်လပ်ရေးနေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲအသီးသီး၌ ဆုရရှိသောအသင်းများကို ဇန်နဝါရီ ၄ ရက်နေ့ ဆုချီးမြှင့်ပွဲတွင် ပေးအပ် သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံက သိရသည်။
မောင်မောင်(မင်းဘူး)