ပခုက္ကူ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ ဖူဆယ်ဘောလုံး၊ ဝူရှူး၊ အခြေခံဘောလုံးကစားနည်းနှင့် အပြေးပြိုင်ပွဲများ စသည့် အားကစားပြိုင်ပွဲ ခြောက်မျိုး ကျင်းပကြကြောင်း သိရသည်။
အဆိုပါအားကစားပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ (၂၀)သင်း၊ ဘောလီဘောပြိုင်ပွဲ (၅)သင်း၊ ဖူဆယ် ဘောလုံး ပြိုင်ပွဲ(၁၆)သင်း၊ ဝူရှူးအားကစားပြိုင်ပွဲ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၈)ဦး၊ အလွတ်တန်း အခြေခံ ဘောလုံးကစားနည်း(၃၇)ဦး၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့်များအလိုက် (မီတာ၁၀၀၊ အာလူးကောက်၊ အိတ်စွပ်၊ စာအုပ်ရွက်၊ လွန်ဆွဲ) အပြေးပြိုင်ပွဲများ ပါဝင်ပြီး ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့အထိ ယှဉ်ပြိုင် ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲများအလိုက် ဆုရရှိသူများကို ပခုက္ကူခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာနဆိုရာများ စုပေါင်း၍ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ ဇန်နဝါရီလ(၄)ရက်နေ့တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)