ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

ပိုင်ကျုံ  ဇန်နဝါရီ  

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့က ပူးပေါင်း၍ ယမန်နေ့မွှန်းလွှဲပိုင်းက မြို့ပေါ်၊ ရပ်ကွက်နှင့်ကျေးရွာများသို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော် ပေးလျက် ရှိသည်။

ထိုသို့ အသိပေးနှိုးဆော်ရာ၌  ပြည်သူများအနေဖြင့် မျိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်-၁၉ ရောဂါသည် မိမိတို့နိုင်ငံတွင်မဖြစ်သေးသော်လည်း  အခြားသောနိုင်ငံ များတွင် စတင်ဖြစ်ပေါ်လျက် ရှိသဖြင့် မိမိတို့ကျေးရွာအတွင်း မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့်  ကာကွယ်ရေးလုပ်ငန်း များဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား  အကြိမ်အပြည့်အဝထိုးနှံထားကြရန်၊   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်းပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး(သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောခြင်းများဖြင့် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းရေးအတွက်  ပြည်သူတစ်ရပ်လုံးက   ပူးပေါင်းပါဝင်တိုက်ထုတ်ကြရန် အသိပေး၊ သတိပေးခြင်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး အခြားနေ့ရက်များတွင်လည်း ရပ်ကွက်/ကျေးရွာသို့ ဆက်လက် နှိုးဆော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။