မြန်အောင်မြို့နယ် စာရေးဆရာအသင်း သက်ကြီးပူဇော်ပွဲနှင့် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနား ကျင်းပပြုလုပ်

မြန်အောင် ဇန်နဝါရီ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် စာရေးဆရာအသင်း သက်ကြီးပူဇော်ပွဲနှင့် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ ရသအောင်မြေစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေဝင်း(နေဝင်းဝင်း-လွန်ဆေး) က မြို့နယ်စာရေး ဆရာအသင်းဝင် အသက် (၇၅) နှစ်အထက် စာရေးဆရာကြီးများအား ပူဇော်ကန်တော့ရခြင်း အကြောင်း ရှင်းလင်းပြောကြားပြီး အသက်(၇၅)နှစ်အထက် စာရေးဆရာကြီး (၅)ဦးတို့အား ကန်တော့ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ကန်တော့ခံ သက်ကြီးစာရေးဆရာကြီးများက တစ်ဦးချင်း မုဒိတာစကား ပြန်လည်ပြောကြားခဲ့ကြသည်။

အခမ်းအနားတွင် မြန်အောင်မြို့နယ် စာရေးဆရာအသင်း၏ ၂၀၂၁ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မြို့နယ်စာရေးဆရာအသင်း နာယက သဘာပတိ ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)နှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေဝင်း(နေဝင်းဝင်း-လွန်ဆေး)တို့က အမှာစ ကား ပြောကြားကြပြီး မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင် ဦးသန်းဌေးအောင် (အင်ပင်-သန်းဌေးအောင်) က မြို့နယ်စာရေးဆရာအသင်း၏ ၂၀၂၁ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာကို ဖတ်ကြား တင်ပြပြီး မြို့နယ်စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး ဦးဝင်းဆွေ (စက္က-လွန်ဆေး)က အသင်း၏ ငွေစာရင်းနှစ်ချုပ်ကို ဖတ်ကြားတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် အသင်းဝင်စာရေးဆရာများက အကြံပြုတင်ပြကြပြီး ရှေ့လုပ်ငန်း စဉ်များ၊ ဆုံးဖြတ်ချက်များ ချမှတ်၍ မြို့နယ်စာရေး ဆရာအသင်း ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး မြန်အောင်မြို့နယ်စာရေးဆရာအသင်း၏ ၂၀၂၁ ခုနှစ် နှစ်ပတ် လည် အစည်းအဝေးအခမ်းအနား အောင် မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်