ကြံခင်း ဇန်နဝါရီ. ၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ကြံခင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)အခြေခံပညာအဆင့် စာစီ စာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင် ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ် ပညာရေးမှူးဦးအေးထွန်းမှ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပါသည်။
ထိုနောက် ကျပန်းစကားပြောပြိုင်ပွဲ စတင်ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁)ဦး၊ အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူ(၇)ဦးတို့က "နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် လွတ်လပ်ရေးသည် မရှိမဖြစ်လိုအပ်သည့် ပင်မရင်းမြစ်အသက်သွေးကြော ဖြစ်ပါသည်"၊ "လွတ်လပ်ရေးကို အခြေတည် ပြည်ထောင်စုဖွားသွေးချင်းများ သွေးစည်းချစ်ကြည် လက်တွဲမည်"၊" " (၇၄)နှစ်မြောက်မှသည် ထောင်စုနှစ်များဆီဦးတည်လို့ လွတ်လပ်ရေးအမွေထိန်းသိမ်းကြပါစို့' ခေါင်းစဉ်များကို မဲနှိုက်ပြီး မိမိကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပါသည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲကျင်းပရာတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၈)ဦးမှ"လွတ်လပ်ရေးနေ့ဒို့မမေ့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးမှ"လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ" ခေါင်းစဉ်ဖြင့် လည်ကောင်း၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၉)ဦးမှ "လွတ်လပ်ရေးအမွေနှင့် အနာဂတ်မျိုးဆက်သစ်တာဝန်" ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ၎င်းပြိုင်ပွဲများတွင် ဆုရရှိကြသောကျောင်းသား၊ကျောင်းသူများကို ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။
မိုးမိုး(ပြန်/ဆက်)