ကန့်ဘလူ ဇန်နဝါရီ ၂
ကျောင်းသားလူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ရေးနှင့်ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝန်းကွင်းပြင်၌ ယနေ့နံနက် ၉ နာရီက စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုသို့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသားလူငယ်များ၊ အားကစားဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကျင်းပပြုလုပ်ပေးခြင်း ဖြစ်သည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပူဖောင်းဖောက်၊ အာလူးကောက်၊ ဂုန်နီအိတ်စွပ် စသည့်အားကစားနည်းများ ကျင်းပလျက်ရှိပြီး ဆုရရှိသူများကို လွတ်လပ်ရေးနေ့ ( ဇန်နဝါရီ ၄ ရက်)တွင် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)