မင်းလှ၌ (၈၄)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ပြုလုပ်

မင်းလှ ဇန်နဝါရီ  ၂

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဗျက်ကြီး‌ကျေးရွာအုပ်စု၊ ဗျက်ကြီးချောင်းနား‌ကျေးရွာ၌ (၈၄) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ တော် အခမ်းအနားကို ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာနံနက် ၆ နာရီ ၃၀ မိနစ်ချိန်တွင်  ကရင်အမျိုးသားသီချင်းသီဆို၍ ကရင်အမျိုးသား အလံတင်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အလံနှင့် ကရင်အမျိုးသားအလံကို အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

ဆက်လက်၍ နံနက်​ ၈ နာရီချိန်တွင်(၈၄)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပရာ မြို့နယ်ကရင်စာပေနှင့် ယဉ် ကျေးမှုကော်မတီဥက္ကဋ္ဌ စောထူးဝေက နှစ်သစ်ကူးဆုတောင်းစကား ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင်ထံမှ ပေးပို့သော (၈၄)နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးသဝဏ်လွှာကို ဖတ်ကြားခြင်း၊ ရန်ကုန် ကရင်နှစ်သစ်ကူး ကျင်းပရေး ဗဟိုကော်မတီမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်း ပြုလုပ်ခဲ့သည်။

မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက စောသောင်းကြီးတို့က နှစ်သစ်ကူး ပွဲတော်ကျင်းပခြင်းနှင့်ပတ်သတ်၍ အမှာစကားများပြောကြားပြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ စောရွှေသိန်းက တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြား သည်။

ထို့နောက် ဗျက်ကြီးကျေးရွာသားတစ်ဦးက ကျေးရွာ၌ ကရင်အမျိုးသား  နှစ်သစ်ကူးပွဲတော် ကျင်းပခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့၍ ကရင်အမျိုးသားသီချင်းသီဆိုကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)