ကမမောင်း ဇန်နဝါရီ ၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ဆေးရောင်ခြယ်နှင့်ပန်းချီ ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်း (၉)နာရီအချိန်ခန့်က ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်း စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရန်၊ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူ ဝင်ထွက်သွားလာနိုင်သည့် နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်နှင့် နေ့ထူးနေ့မြတ်များ အကြောင်း သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြားပြီးနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား/သူ (၁၃)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် ပြန်/ဆက်