ပဲခူး ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်အနီးရှိ ယာဉ်ရပ်နားကွင်းတွင် ယမန်နေ့ ညပိုင်းအချိန်က နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ပထမနေ့ ကျင်းပခဲ့သည်။
အဆိုပါ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများ၊ တရားနာပရိတ်သတ်များ လာရောက်ကြပြီး နိုင်ငံတော်သံဃမဟာနာယက၊ သ.စ.သ.အ ဓမ္မာစရိယ၊ B.A(Myanmar) Q.PhD (India). မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ပဲခူးမြို့ သာမဏေကျော် စာသင်တိုက်များ၏ မဟာနာယကချုပ်ဆရာတော် ဒေါက်တာ အရှင်ဝိစက္ခဏာလင်္ကာရာဘိဝံသမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များကိုယ်စား လူမှုရေးရာ ဝန်ကြီးဦးအောင်မင်းနှင့် ဥပဒေချုပ် ဦးခင်မောင်တင့်တို့က ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်အား ဇန်နဝါရီလ (၂) ရက်နေ့ ဒုတိယနေ့တွင် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တဇနိတဆရာတော်မှလည်းကောင်း၊ ဇန္နဝါရီလ (၃)ရက်နေ့ တတိယနေ့တွင် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ ပဲခူးမြို့ သာသနမဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တသုန္ဒရ ဆရာတော်မှလည်းကောင်း ညစဉ် (၆:၃၀) နာရီအချိန်မှစတင်၍ မြတ်ဗုဒ္ဓဆိုဆုံးမဟောပြောခဲ့သည့် တရားတော်များကို ဟောကြားပြီး တရားအလှူ ပေးလှူကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင် (တိုင်းဒေသကြီးပြန်/ဆက်)