ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဌာနဆိုင်ရာအားကစား ပြိုင်ပွဲများကျင်းပ

ချောင်းသာ  ဇန်နဝါရီ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မြို့အုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနဆိုင်ရာများပူး ပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဌာနဆိုင်ရာ အားကစားပြိုင်ပွဲ များကို ယနေ့နံနက် ၈ နာရီက ဘုတ်ဆုံမအခမဲ့ပညာဒါနကျောင်းဆောင် ဘောလီဘောကွင်းတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများတွင် ဘောလီဘောပြိုင်ပွဲနှင့် ကြက်တောင်ရိုက် ပြိုင်ပွဲများပါဝင်ပြီးမြို့အဆင့်ဌာနဆိုင်ရာ များနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက အသင်း လိုက်ပတ်လည်ယှဉ်ပြိုင်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါပြိုင်ပွဲများကို တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်ပြည်သူများကျန်းမာပျော်ရွှင်စေရန်အတွက်  လွတ်လပ်ရေးနေ့ အကြို ပျော်ပွဲရွှင်ပွဲများအဖြစ် ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး  ပထမ၊ ဒုတိယနှင့် တတိယရရှိသည့် အသင်းများကို မြို့အုပ် ချုပ်ရေးမှူးဦးသီဟအောင် က ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)