မင်းဘူး ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အထင်ကရ နေရာတစ်ခုဖြစ်သော အမှတ် (၁) ရပ်ကွက်ရှိ နဂါးပွက်တောင်၌ ဘုးရားဖူးလာ ခရီးသွားပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း နဂါးပွက်တောင် ဘက်စုံသာယာလှပရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းထံမှ သိရသည်။
နဂါးပွက်တောင် ဖြစ်ပေါ်လာပုံမှာ သက္ကရာဇ် ၁၂၃ ခုနှစ် သုနာပရန္တတိုင်း စန္ဒကူးနံ့သာ ကျောင်းတော်ရာမှ ပြန်အကြွ ယခုမင်းဘူးအရပ်ရှိ ကေလာသဖတောင်ထိပ် သကြားမင်း လှူဒါန်းထားသော မြကျောင်းတော်နှင့် မြသလွန်ပေါ်၌ ကိန်းစက်နားနေတော်မူစဉ် နမ္မဒါနဂါးမင်း၏ သားတော်နန္ဒနှင့် သမီးတော်သုစိတတို့နှစ်ဦးဟာ မြတ်စွာဘုရားရှင်အား ဖူးမြော်ရန်အလာ သိန်းငှက်တစ်ကောင်၏ ကိုက်ချီ သတ်ဖြတ် စားသောက်ခြင်းခံရ၍ သေပွဲဝင်ရလေသည်။
ထိုကဲ့သို့ သိန်းငှက်ကိုက်ချီခဲ့သောတောင်ကို သိန်းကုတ်တောင်ဟု ခေါ်ဆိုရာမှ သိမ်ကုန်းတောင် ဟူ၍လည်းကောင်း၊ သိန်းငှက်ကိုက်ချီရာမှ ပြုတ်ကျ၍ သေပွဲဝင်သောနေရာကို နဂါးသေနှင့် လူးလှိမ့်၍ ဝေဒနာ ခံစားနေရသောနေရာကို နဂါးလူးအိုင် ဟု ယခုအချိန်အထိ ခေါ်ဆိုခဲ့ကြသည်။
ထိုနဂါးမောင်နှမ နှစ်ဦးမှအစပြုခဲ့သော နဂါးပွက်တောင်သည် ယခုအခါ ဘက်စုံသာယာလှပရေးအဖွဲ့၏ တည်ဆောက်ပြုပြင်မွန်းမံမှုများဖြင့် ခရီးသည်များ နားနေဆောင်၊ ရပ်ဝေးမှ ဧည့်သည်များ တည်းခိုဆောင်နှင့် နဂါးပွက်တောင်၊ အသစ်ထွက်ရှိသည့် နဂါးပွက်တောင်ငယ် လေးများနှင့် နတ်နန်းများ၊ နဂါးမောင်နှမဆောင် မြွေကြီးထားရှိနေရာများဖြင့် နားခိုစရာ၊ လေ့လာလည်ပတ်စရာ နေရာတစ်ခုအဖြစ် တည်ရှိ၍ မင်းဘူးမြို့ရှိအခြား အထင်ကရနေရာများနည်းတူ ပွင့်လင်းရာသီနှင့် အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်များတွင် ခရီးသွား ပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ဝင်းနိုင်