ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကော့ကရိတ်မြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ

ကော့ကရိတ်  ဇန်နဝါရီ   ၂

ကရင်သက္ကရာဇ် ၂၇၆၁ခု နှစ်၊ ပြာသိုလဆန်း () ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်  ကရင်ရိုးရာ​ကောက်သစ်စားပွဲကို ယနေ့နံနက်ပိုင်းက အမှတ် ()ရပ်ကွက်၊ ချောင်း တောင်ရပ်၊ ဖီ့ဗီးယော်ကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို အဆိုပါကွင်း၌ ကျင်းပရာ ကျွဲချိုမှုတ်၍ ဖားစည်တီးကာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး  ​ကော်မတီအဖွဲ့ဝင်တစ်ဦးမှ ကရင်အမျိုးသား အလံ​တော်ကို လွှင့်တင်ပေးရာ တက်ရောက်လာသူများက အလေးပြုကြသည်။ ထို့နောက် တက် ရောက်လာသူများက ကရင်ဘာသာဖြင့် စည်းလုံးခြင်းသည် အင်အားဟု အဓိပ္ပါယ်ရသော (အောဟု အောဟောင်) သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ သဘာပတိ ဦးကျော်ဝင်းက နှစ်သစ်ကူး မင်္ဂလာနှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ထံမှပေးပို့သော သဝဏ်လွှာကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ဖတ်ကြားသည်။

ထို့နောက် ကရင်ရိုးရာကောက်သစ်စားပွဲနှင့် ဖီ့ဗီးယော်ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ ကရင်လူမျိုးတို့၏ ရှေးခေတ်ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကျင်းပခဲ့ပြီး၊ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖြစ်သည့် မြန်မာ့ရိုးရာလက်ဝှေ့၊ ဘောလုံးပြိုင်ပွဲ၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်စသည့် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ၊ လာရောက်ကြသော ဧည့်သည်တော်များကို စတုဒီသာထမင်းများ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။ ညတွင်လည်း  ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များက ဒုံးယိမ်းအကများဖြင့် သီဆို ကပြဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)