မင်းဘူး ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ပေါင်းရွာကျေးရွာအုပ်စု၊ ပင်းတလဲကျေးရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေးအတွက် (၄)လက်မ PVC စက်ရေတွင်းတစ်တွင်းကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် မီနီဘက်ဂျက် ၆ လတာကာလအတွင်း တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့တူးဖော်ပေးရာတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေးနှင့် အခက်အခဲ မဖြစ်ပေါ်စေရေးတို့အတွက် ပင်းတလဲကျေးရွာ၌ (၄)လက်မ PVC အရွယ်အစား အနက်ပေ ၄၀၀ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းနှင့် အမြင့် ၁၀ ပေ x အကျယ် ၈ ပေ ပတ်လည်ရှိ ရေစက်ရုံတည်ဆောက်ခြင်းများအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၂၁.၄ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော စွမ်းထက်ပြည့်ကုမ္ပဏီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၆ နေ့မှစတင်ကာ တာဝန်ယူ တူးဖော်တည်ဆောက်နေကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက ပြောသည်။
မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် ယခုမီနီ ဘက်ဂျက် ၆ လတာကာလအတွင်း ရေရှိရေးလုပ်ငန်းနှစ်ခုအဖြစ် ပင်းတလဲကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်း ဆောင်ရွက်နေပြီး မင်းလှကျင်းကျေးရွာအုပ်စု၊ ကျောက်ပယ်ကျေးရွာ၌ ကုဗပေ ၂၀၃၀၀ ဆံ့ မြေသားရေလှောင်ကန် တိုးချဲ့တည်ဆောက် ပြုပြင်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)