မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကာကွယ်ဆေးများထိုးနှံရေး အသိပေးနှိုးဆော်

မင်းဘူး  ဇန်နဝါရီ  ၂

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါများ လျော့ကျစေရန်နှင့်   နောက်ထပ် ကူးစက်ဖြစ်ပွားလာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် မင်းဘူး ဦးဩဘာသခန်းမနှင့် စကုမြို့ ကန်ဦး သဘာဝတရားရိပ်သာတို့တွင် ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ယမန်နေ့နံနက် ၉ နာရီအချိန်က လှည့်လည်နှိုးဆော်ခဲ့ကြသည်။

ထိုကဲ့သို့ နှိုးဆော်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းများက မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အသိပေးနှိုးဆော်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုလက်ရှိ Phase-4 နှင့် Phase-5 ဆေးများ ထိုးပြီးသည်အထိ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၆၉၉၃၇ ဦးနှင့် ကျောင်းသား/ကျောင်းသူ ထိုးနှံပြီးသူပေါင်း ၇၅၄၆ ဦးခန့် ထိုးပြီးသွားပြီဖြစ်သော်လည်း  ဆေးထိုးရန်ကျန်ရှိနေသူများကို မင်းပူးဦးဩဘာသခန်းမနှင့်  စကုမြို့ ကန်ဦးသဘာဝတရားရိပ်သာတို့တွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း အသိပေးနှိုးဆော်ခဲ့ကြသည်။ 

ဇေယျာထက် (မင်းဘူး)