မင်းဘူး ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ နှစ်ဦးကုသိုလ်အဖြစ် သန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မန်းရွှေစက်တော်ဘုရားကြီး ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် ဘုရားဖူးမိဘပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်စေရေးတို့အတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ခရိုင်/မြိုနယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဘုရား ဝန်ထမ်းများနှင့် မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ဒေသခံပြည်သူများက ဘုရားပရဝုဏ် တောင်ပေါ်၊ တောင်အောက်၊ ရင်ပြတော်နှင့် တောင်စောင်းတလျှောက် ပေါက်ရောက်နေသော မြက်၊ ချုံနွယ် ပိတ်ပေါင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်းနှင့် သန့်ရှင်ရေးလုပ်ငန်းများကို နေရာအသီးသီး ခွဲ၍ လူအင်းအား (၆၀)ကျော်ဖြင့် စုပေါင်းကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက မန်းရွှေစက်တော် ဘုရားကြီးတွင် ပြုပြင်၊ တည်ဆောက်၊ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဓာတ်လှေကား တာဝါ တည်ဆောက်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘုရားတောင်စောင်း တလျှောက် မိုးတွင်း ကာလ တောင်ကျရေများ ရေးစီးရေလာကောင်းမွန်စေရေးအတွက် ယခုပွင့်လင်းရာသီတွင် ရေမြောင်းများကို အပြီးဆောင်ရွက်သွားရန်နှင့် ဘုရားကြီးပတ်ဝန်း ကျင် စိမ်းလန်းစိုပြည်ရေးကို အထူးဂရုပြု လုပ်ဆောင်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)