ကြို့ပင်ကောက် ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲမျာ ကျင်းပရန် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများ ကျင်းပပြုလုပ်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပရန်အတွက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူးနှင့် ကြိုတင်ညှိနှိုင်းမှုများ ဆောင်ရွက် ခဲ့သည်။
အဆိုပါ ပျော်ပွဲရွှင်ပွဲအား ကစားပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်းအားကစားနှင့် ကလေးငယ်များ ပျော်ရွှင်စွာ ကစားနိုင်သော အားကစားနည်း ၇ မျိုးတို့ကို ထည့်သွင်းထားရာ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှ မိမိတို့၏သားသမီးများအား ပါဝင်ယှဉ်ပြိုင် ကစားနိုင်ရန် မြို့နယ်မီတာလေးရာ အားကစားကွင်းသို့ လာရောက် စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)