ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ(၁/၂၀၂၀)အစည်းအဝေး ဟားခါး၌ ကျင်းပ

ဟားခါး မတ် ၅

ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ (၁/၂၀၂၀)အစည်းအဝေးကို ယနေ့ နံနက်  ၉ နာရီက ဟားခါးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေး ဝန်ကြီးဦး ပေါင်လွန်းမင့်ထန်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် ပြင်ဆင် ပြဌာန်းခဲ့ကြောင်း ၊ ထိုကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေသစ်တွင် မွေးစားခြင်း ၊ အခြားနည်းဖြင့်ပြုစုစောင့် ရှောက်ခြင်းနှင့် မိဘရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်း ၊ အုပ်ထိန်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ စရိတ် ထောက်ပံ့ခြင်း ၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ၊ ပညာရေးဆိုင်ရာ အခွင့်အရေးများ ၊ ကလေးသူငယ် များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးဝါးဆုံး ပုံစံဖြင့် အလုပ်ခိုင်းစေခြင်း ၊ မသန်စွမ်းကလေးသူငယ်၊ ကလေးငယ်နှင့် လက်နက်ကိုင် ပဋိပက္ခ ၊ ကလေးကိုရောင်းချခြင်း ၊ ပြည့်တန်ဆာ ပြုလုပ်ခြင်း ၊ ကလေးညစ်ညမ်းပုံ ပြုလုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းခံရသော ကလေးနှင့် သက်သေများအား အကူအညီနှင့် အကာအကွယ်ပေးခြင်း ၊ အခြားနည်းလမ်းဖြင့် လွှဲပြောင်း ဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း ၊ နိုင်ငံတော်အစိုးအနေဖြင့် အထက်ပါ ရည်မှန်းချက်များကို အောင်မြင် အောင် အကောင်အထည်ဖော်နိုင်ရေး အတွက် အမျိုးသားကော်မတီ ၊ ဆပ်ကော်မတီများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ခရိုင်၊ မြို့နယ် အဆင့်ဆင့်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းတာဝန်ပေး၍ ကလေး သူငယ်များ ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ဆောင်ရွက် လျက်ရှိကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အတွင်းရေးမှူး ပြည်နယ်လူမှု ဝန်ထမ်း ဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်က ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ် အဆင့်ဌာန ဆိုင်ရာများနှင့်  UNICEF,NGOS,INGO များမှ တာဝန်ရှိသူများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းရပ်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြ ခဲ့ကြားရာ တင်ပြချက်များအပေါ် ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ဖြည့်စွက် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)