ကျောက်ကြီး ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ၊ စာစီစာကုံး၊ ကဗျာရွတ်ဆို၊ ကျပန်း စကားပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများအား ကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်၊ အလယ်တန်း အဆင့်၊ အထက်တန်းအဆင့် ပညာသင်ယူနေသော ကျောင်းသား ကျောင်းသူ များအား ဇန်နဝါရီ ၄ ရက်နေ့၌ ကျရောက်မည် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း၊ "ကျောင်းနေပျော်၍ စာတော်ရမည်" ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ယနေ့ ကျောင်းသား လူငယ်များ ကိုယ်ကာယကြံ့ခိုင်စေရန်နှင့် စည်းလုံးညီညာစွာ လုပ်ကိုင်ဆောင်ရွက် တတ်စေရန်၊ ထူးချွန်ကျောင်းသားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ပညာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မိမိမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား သင်ကြားရေး မပျက်စေပဲ အားကစားပြိုင်ပွဲများ ကျင်ပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း၊ ကျောင်းအလိုက် အားကစားပြိုင်ပွဲများတွင် ထူးချွန်သူများ၊ စာစီစာကုံး၊ ကဗျာရွတ်ဆို၊ ကျပန်းစားပြော ပြိုင်ပွဲများတွင် အကောင်းဆုံး ရေးသား ပြောဆိုနိုင်သူ များအား သတ်မှတ် ဆုများပေးအပ်နိုင်ရန် စီမံဆောင်ရွက် ပေးထားကြောင်း ကျောက်ကြီး မြို့နယ် ပညာရေးမှူး၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)