မင်းဘူး ဇန်နဝါရီ ၁
ဒန့်သလွန်ပင်၏ ဆေးဖက်ဝင်ပုံကို မသိကြပေမဲ့ အပင်ကို လူတိုင်းမြင်ဖူး ကြပေလိမ့်မည်။ ဒန့်သလွန်ပင်သည် ၁၂ ရာသီလုံး စားသုံးနိုင်သော ဟင်းသီးဟင်းရွက် အပင်တစ်မျိုးဖြစ်ပြီး အဖူး၊ အပွင့်၊ အသီး၊ အရွက်စသော တစ်ပင်လုံး အသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။
ဒန့်သလွန်ရွက်သည် လူတန်စားမရွေးဖြစ်တတ်သော သွေးတိုး၊ ဆီးချို၊ သွေးချိုဝေဒနာရှင်များ လေငန်း၊ ဒူလာ၊ မီးယပ်စသော ဝေဒနာရှင်များအတွက် အထူးသင့်တော်သော ဆေးဖက်ဝင် ဟင်းရွက်တစ်မျိုးဖြစ်ပြီး ငရုတ်ကောင်း၊ ကြက်သွန်ဖြူတို့နှင့် ဟင်းခါးရည်ချက်၍ သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါ ပျောက်ကင်းစေသည်။
ဒန့်သလွန်ရွက်ကို နေ့စဉ်မှန်မှန် စားပေးခြင်းဖြင့် လူ၏ခန္ဓာကိုယ်အတွင်းရှိ ပျစ်နေသောသွေးကို ကျဲစေခြင်း၊ ဆီးဝမ်းကိုရွှင်စေခြင်း၊ မည်သည့်ဝေဒနာရှင်မဆို နုတ်ကိုမြိန်စေခြင်း၊ အစာကို ကြေညက်စေခြင်း၊ မျက်စိကို ကြည်လင်စေခြင်းစသော ရောဂါဝေဒနာများ ပျောက်ကင်းစေသည့်အပြင် ဒန့်သလွန်ရွက် ဟင်းခါးရည်ကို နေ့ည သောက်ပေးပါက နှာစေးခြင်း၊ နှာမွန်ခြင်း၊ အအေးပတ်ခြင်းများ ပျောက်ကင်းစေသည်။ ဒန့်သလွန်သီးကို နေ့စဉ်ရက်ဆက် ဟင်းချက်၍ စားပေးပါက ကလေးငယ်များတွင် ဖြစ်တတ်သော သန်ကောင် တုတ်ကောင်များကိုလည်း သေကြေပျက်စီးစေသည်။
ထို့အပြင် ဆီးရောဂါ ဝေဒနာရှင်များအတွက် ဒန့်သလွန်စေ့ကို အမှုန့်ပြုလုပ်၍ သကြားနှင့်ရော၍ နေ့စဉ် သောက်ပေးခြင်း၊ နားကိုက်၊ နားပြည်ယို၊ နားအူဝေဒနာရှင်များအတွက် အုန်းဆီနှင့်ရောစပ်၍ ကြက်တောင် သန့်သန့်ဖြင့် နားကြပ်ပေးခြင်း၊ ပါးစပ်မှ အနံ့ဆိုးထွက်ခြင်း၊ သွားဖုံးရောင်ခြင်း၊ သွေးယိုးခြင်းများအတွက် ဒန့်သလွန် ပင်စည်မှထွက်သော အစေးကို ရေနွေးဖြင့် မကြာခဏ ပါးလုပ်ကျင်းပေးခြင်းတို့ဖြင့် ရောဂါများ ပျောက်ကင်းစေသည်။
ဒန့်သလွန် အခေါက်ကိုခွာပြီး ထုချေ၍ နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေး၊ ဇက်ကြောတက်၊ နောက်ကြောတက်ရောဂါများ ပျောက်ကင်းစေပြီး နို့မထွက်သော မီးနေသည်များ ဒန့်သလွန်ရွက် ဟင်းခါးရည် သောက်ပေးခြင်း၊ ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးခြင်းများဖြင့် နို့ဖြိုင်ဖြိုင် ထွက်စေသည်။ ထို့နောက် ပန်းသေ ပန်းညှိုးဝေဒနာရှင်များ ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားဖြင့် ချက်၍ စားပေးပါက ရောဂါဝေဒနာများ ပျောက်ကင်းစေသည့်အတွက် ဒန့်သလွန်ပင် ဆေးဖက်ဝင်ပုံ အကြောင်းကို မှတ်တမ်းတင် ရေးသားတင်ပြ ပေးလိုက်ရပါတော့သည်။
ဇေယျာထက်