ဘားအံ ဇန်နဝါရီ ၁
ကရင်ပြည်နယ် ဒီဇင်ဘာအားကစားလ နောက်ဆုံးရက် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၆ နာရီက ဘားအံမြို့ သီရိလမ်း၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်နှင့် ဘားအံပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ဆရာမများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ ပူးပေါင်းပါဝင် ဆင်နွဲခဲ့ကြသည်။
ဒီဇင်ဘာအားကစားလ နောက်ဆုံးရက် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှ ဦးဆောင်၍ စုရပ်သီရိလမ်း ဝန်ကြီးများ အိမ်ယာရှေ့မှ ယဉ်ကျေးမှုပြတိုက်လမ်း၊ ကန်သာယာပတ်လမ်း၊ ချစ်သူလမ်းကြား၊ ကျော်ဇေယျလမ်း၊ ဆေးရုံလမ်း၊ သီရိလမ်းအတိုင်း ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိလမ်းမှတစ်ဆင့် သီရိကွင်းအတွင်း ဝင်ရောက်ခဲ့ကြကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ (၆)ပေအကွာ အနေအထားဖြင့် အကြောလျော့ လေ့ကျင့်ခန်းများ ဆောင်ရွက်၍ စုပေါင်း ကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ အများပြည်သူ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများ အနေဖြင့် အများပြည်သူ ဆိုင်ရာနေရာ (Public Area) များတွင် တစ်ဦးတစ်ယောက်ချင်း အလိုက်သော်လည်းကောင်း၊ မိသားစုအလိုက်သော် လည်းကောင်း၊ အစုအဖွဲ့များ အလိုက်သော် လည်းကောင်း တစ်ကိုယ်ရေကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက် နေကြသည်ကို မြင်တွေ့ရပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်း နေသော်လည်း ကာကွယ်၊ ထိန်းချုပ် သောအားဖြင့် အားကစားလှုပ်ရှားမှုများကို ကိုဗစ်-၁၉ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာအားကစားလ နောက်ဆုံးရက် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းတွင် ပါဝင်ဆင်နွဲသူများအား ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းများအား ဗလာမပါ ကံစမ်းမဲများကို မဲဖောက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ရေပူရေအေးစက်၊ ရေခဲသေတ္တာ၊ အသံချဲ့စက် (Sound Box) ဖုန်စုပ်စက်၊ လေအေးပေးစက်၊ LED TV၊ အသားကင်စက် အစရှိသည့် ဆုမဲပေါက်သူများကို ဆုများပေးအပ်ခဲ့ကြသည်။
ထို့နောက် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် ဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်သည့် အခမ်းအနားကို နံနက် ၉ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဆက်လက်ကျင်းပသည်။
အောင်နိုင်ရေး အလံပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ဘားအံမြို့ အောင်သံလွင် အားကစားကွင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ၂၃-၆-၂၀၂၁ ရက်နေ့မှ ၃-၇-၂၀၂၁ ရက်နေ့ထိ ကျင်းပ၍ ပြည်နယ်လက်ရွေးစင် အသင်းကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း၊ ကရင်ပြည်နယ် ဘောလုံးအသင်းအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံး ယှဉ်ပြိုင်ကစားကြဖို့ တိုက်တွန်း လိုကြောင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ လျော့ပါးလာသည်နှင့်အမျှ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်ရာ ကရင်ပြည်နယ် အားကစားနှင့် ကာယပညာ ကော်မတီဝင်များ အနေဖြင့် မိမိတို့တာဝန်ယူရသည့် အားကစားနည်းများအလိုက် တိုင်းနှင့် ပြည်နယ် အဆင့်တွင် အောင်မြင်မှုရရှိအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ အသိပေး ပြောကြားလိုကြောင်း၊ ထိုက်တန်သည့် ချီးမြှင့်ဂုဏ်ပြု အားပေးမှုများကို ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ် ကိုယ်စားပြု၍ သွားရောက် ယှဉ်ပြိုင်ကြမည့် အမျိုးသမိးဘောလုံးအသင်း အနေဖြင့် အတတ်နိုင်ဆုံး ပြည်နယ် ဂုဏ်ဆောင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားပြီး ကရင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းထံ အောင်နိုင်ရေး အလံကို ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဘောလုံး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် အားကစား အောင်နိုင်ရေး ကော်မတီဝင်များက ကရင်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းထံ အောင်နိုင်ရေး ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)