ချောင်းဦး ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မင်းခေါင်၊ မင်းတည်၊ မကျီးဘုတ် ကျေးရွာများရှိ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် ကုလားပဲ စိုက်ခင်းများအတွင်း ယနေ့နံနက်ပိုင်းက ဥကပ်ပါးနဂျီလွှတ်ပွဲ ပြုလုပ်ပြီး တောင်သူများကို ပညာပေးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ဝန်ထမ်းများမှ မင်းခေါင်၊ မင်းတည်၊ မကျီးဘုတ်ကျေးရွာ တောင်သူများ စိုက်ပျိုးထားသည့် ကုလားပဲ စိုက်ခင်းများသို့ ကွင်းဆင်းပြီး တောင်သူများနှင့် တွေ့ဆုံကာ သီးနှံစိုက်ခင်းတွေမှာ ဓာတုဆေးသုံးစွဲခြင်းကို လျော့ချနိုင်စေရေး၊ ကုန်ကျစရိတ် သက်သာစေရေး၊ သီးနှံတွေမှာ ကျရောက်လာမဲ့ ဖျက်ပိုးတွေကို ကြိုတင်ကာကွယ်နိုင်စေရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ထိန်းသိမ်းနိုင်စေရေး၊ စိုက်ပျိုးထားသည့် သီးနှံအရည်အသွေး ကောင်းမွန်စေရေးအတွက် တောင်သူများအား ပညာပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ သီးနှံစိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှ ဓာတုဆေးများ သုံးစွဲခြင်းမပြုလုပ်ရဘဲ ကြိုတင်ကာကွယ်တဲ့အနေဖြင့် ဘက်စုံပိုးမွှား ကာကွယ်နည်းစနစ်နဲ့ ဆောင်းသီးနှံဖြစ်တဲ့ ကုလားပဲစိုက်ခင်း ဧက(၁၀၀)အတွင်း ဥကပ်ပါးနဂျီ လွှတ်ပေးမှာဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ် အနေဖြင့် မိုးစပါး၊ ဝါသီးနှံ စိုက်ခင်းများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းနိုင်စေရန် ဥကပ်ပါးနဂျီတွေ လွှတ်ပေးပြီး သီးနှံဖျက်ပိုးများကို ကြိုတင်ကာကွယ် ပေးခဲ့ကြောင်း၊ မြို့နယ်အနေဖြင့် သီးနှံစိုက်ခင်းတွေမှာ ဥကပ်ပါးနဂျီတွေကို ကြယ်ကြယ်ပြန့်ပြန့် လွှတ်ပေးနိုင်ဖို့အတွက် တိုင်းဒေသကြီး အစိုးအဖွဲ့ အစီအစဉ်ဖြင့် ဥကပ်ပါးနဂျီ မွေးမြူရေး ဓာတ်ခွဲခန်း တည်ဆောက်လျက်ရှိကြောင်း၊ လာမဲ့နှစ်များတွင် ဥကပ်ပါးနဂျီများ ထုတ်လုပ်ပေးပြီး တောင်သူများ၏ စိုက်ခင်းများအား ကြယ်ကြယ်ပြန့်ပြန့် ကာကွယ်ပေးနိုင်တော့မှာဖြစ်ကြောင်း၊ တဧကကို ဥကပ်ပါးနဂျီကတ် ၄၀ အသုံးပြုရကြောင်း၊ သီးနှံပင်များတွင်၁၀ မီတာအကွာအဝေး ချိတ်ဆွဲပေးရကြောင်း၊ သီနှံစိုက်ခင်းများအတွင်း ဥကပ်ပါးနဂျီကတ်များ မချိတ်ခင်တပတ်နှင့် ချိတ်ပြီးတပတ်အတွင်း ပိုးသတ်ဆေးကို မသုံးစွဲရန်နှင့် တဧကကို ၃၀၀၀ ကျပ်ခန့်သာ ကုန်ကျလို့ စရိတ်သက်သာကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ရေရှည် အကျိုးဖြစ်ထွန်းသဖြင့် တောင်သူတိုင်းသုံးစွဲသင့်ကြောင်း၊ ဥကပ်ပါးနဂျီလွှတ်သည့်အခါ တောင်သူတစ်ဦးခြင်း မဟုတ်ဘဲ ကွင်းအတွင်း တောင်သူများစုပေါင်းပြီး တဆက်တစပ်ထဲ လွှတ်မှ ပိုပြီးအကျိုးကျေးဇူးရရှိကြောင်း ပညာပေးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများစုပေါင်းပြီး ဧက(၁၀၀)ရှိသည့် ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းအတွင်း ဥကပ်ပါးနဂျီကတ်များ ချိတ်ဆွဲပြီး ဥကပ်ပါးနဂျီ လွှတ်ပွဲပြုလုပ်ခဲ့သည်။
ချောင်းဦးမြို့နယ်အတွင်း စပါး၊ ဝါ၊ ကုလားပဲနှင့် ပဲအမျိုးမျိုး၊ ဂျုံ၊ နေကြာ၊ ကြက်သွန် စိုက်ပျိုးလုပ်ကိုင်နေသည့်အပြင် နိုင်ငံခြားဝင်ငွေ ရရှိသည့် ဖရဲ၊ သခွါး အများဆုံးစိုက်ပျိုးသည့် မြို့နယ်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)