တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်ခရိုင်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

မြိတ် ဇန်နဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးကို  ဦးစားပေး အစီအစဉ်ဖြင့် လူမျိုးဘာသာမရွေး  စဉ်ဆက်မပြတ်ထိုးနှံ ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် နာရီခွဲတွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြတ်ကို က မြိတ်ခရိုင်တွင် ကိုဗစ်ရောဂါ တတိယလှိုင်း ကူးစက်မှု ဖြစ်ပွားချိန်မှစ၍ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်များ၊ Voluntter များ၊ လူမှုရေးအဖွဲ့အစည်းများမှ တက်ကြွစွာ စွမ်းစွမ်းတမံ ပူးပေါင်း ဆောင်ရွက်မှုကြောင့် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများ တပ်မတော် ဆေးဝန်ထမ်းများ၊ Volunteer များ၊ ပရဟိတအဖွဲ့အစည်းများကို အထူးကျေးဇူးတင် ဂုဏ်ပြုပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းကို ဒီဇင်ဘာလအကုန်တွင် မြို့နယ်များအလိုက် (၅၀)ရာခိုင်နှုန်း ပြည့်မီကျော်လွန်အောင် ထိုးနှံပေးရေး စီမံဆောင်ရွက်ခဲ့ရာမှာ သတ်မှတ်ချက်ပြည့်မီအောင် ဦးစားပေးအစီ အစဉ်အတိုင်း ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ် ဆေးထိုးပြီးစီးသူ ရာခိုင်နှုန်းအနေဖြင့် (၇၄)ရာခိုင်နှုန်း၊ ဆေးနှစ်ကြိမ်ထိုးပြီးသူဦးရေ(၅၄)ရာခိုင်နှုန်းအထိ ထိုးနှံဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို ရာနှုန်းပြည့်ထိုးနှံနိုင်ရန်အတွက် လိုအပ်သည့် ကာကွယ်ဆေးများ အချိန်မီရရှိရေး စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် မြိတ်ခရိုင်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုငွေများချီးမြှင့်ရာတွင် မြိတ်မြို့နယ်အတွက် ဂုဏ်ပြုဆုငွေကို ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျွန်းစုမြို့နယ် အတွက် ဂုဏ်ပြုဆုငွေကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး ကလည်းကောင်း၊ ပုလောမြို့နယ်အတွက် ဂုဏ်ပြုဆုငွေကို တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက လည်းကောင်း၊ တနင်္သာရီမြို့နယ်အတွက် ဂုဏ်ပြုဆုငွေကို တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက လည်းကောင်း၊ တပ်မတော် ဆေးဝန်ထမ်းများအား တိုင်းဒေသကြီး ဥပဒေချုပ်က လည်းကောင်း ဂုဏ်ပြုဆုငွေ (၂၅)သိန်းကျပ်စီကို အသီးသီး ဂုဏ်ပြုပေးအပ် ချီးမြှင့်ခဲ့ကြရာ ဒုခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ယဉ်ယဉ်နွဲ့ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို သတ်မှတ်ထားသည့် ဦးစားပေး အစီအစဉ်များအတိုင်း ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထု အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ (၄၉၄၉၇၃)ဦးနှင့် အသက်(၁၂)နှစ်အထက် အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူ(၂၅၁၁၉)ဦး၊ စုစုပေါင်း (၅၁၇၀၉၂)ဦးရှိပြီး ပထမအကြိမ် ဆေးထိုးနှံပြီးစီးသူဦးရေမှာ(၃၃၄၇၄၂)ဦး၊ ရာခိုင် နှုန်းအားဖြင့် (၇၄)ရာခိုင်နှုန်း၊ ဒုတိယအကြိမ်(ဆေးနှစ်ကြိမ်) ဆေးထိုးနှံပြီးစီးသူ(၂၇၀၆၉၅)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၅၄)ရာခိုင်နှုန်းအထိ ထိုးနှံဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)