မအူပင် ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ခရိုင်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို မအူပင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ယမန်နေ့ နံနက် (၇)နာရီကစတင်ကျင်းပသည်။
အားကစားပြိုင်ပွဲအား မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော် မြို့နယ်များမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ကြပြီး မူလတန်းအဆင့် ပူပေါင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိပ်စွပ် ပြေးပြိုင်ပွဲများကျင်းပခဲ့ပြီး၊ အလယ်တန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲ၊ အထက်တန်းအဆင့် လွန်ဆွဲပွဲများအား ကျင်းပခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲအား ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်နှင့် မြို့နယ်အဆင့်ပညာရေးမှူးများ ပူးပေါင်းပါဝင် ကျင်းပခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့သည်။
ပြိုင်ပွဲတွင် ဆုရရှိသူများအား ဇန်နဝါရီလ(၄)ရက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)