ကျောင်းကုန်း ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၉) စက်မှုလယ်ယာစခန်း၌ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါ စက်မှုလယ်ယာ ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးမင်းဇော်က ယခုလို သင်တန်းဆင်းတဲ့အထိ သင်ကြား ခဲ့တဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်၍ လေ့လာဆည်းပူးကြရန် တိုက်တွန်း ပြောကြားခဲ့ပြီး၊ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။
ကျောင်းကုန်းမြို့နယ်ရှိ တောင်သူများအနေဖြင့် လယ်ယာကဏ္ဍတွင် စက်ကိရိယာများ ပိုမိုသုံးစွဲလာစေရန် လက်တွန်း ထွန်စက်၊ ထွန်စက်ကြီး၊ ကောက်စိုက်စက်၊ စပါးရိတ်သိမ်း ခြွေလှေ့စက်များ ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်ရာတွင် စနစ်တကျ မောင်းနှင် ထိန်းသိမ်းတတ်စေရန်၊ စက်ကိရိယာများ စနစ်တကျ ကြံ့ခိုင်မှုဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ သင်တန်းသား(၃၀)ဦးအား (၁၂) ရက် ကြာသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
လယ်ယာသုံး စက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု သင်တန်းကို ကျန်းမာရေး ဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ယခု တက်ရောက်လာသော သင်တန်းသားများ မှတဆင့် မိမိသင်ကြားတတ်မြောက်မှုကို မိမိတို့ ပတ်ဝန်းကျင် ကျေးရွာရှိ တောင်သူများအား တဆင့်ပြန်လည် သင်ကြားပေးခြင်းဖြင့် စက်ကိရိယာများ ပျက်စီးမှုနည်းခြင်း၊ ရာသီချိန်တွင် စက်စွမ်းအားအပြည့် ဆောင်ရွက်နိုင်ခြင်းစသည့် လက်ငင်း အကျိုး ကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးမင်းဇော် က ပြောသည်။
ဝင်းကြိုင်(ပြန်/ဆက်)