ကော့ကရိတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေး

ကော့ကရိတ်      ဒီဇင်ဘာ            ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား  နိုင်ငံသားစိစစ်ရေးကတ်များကို ပြုလုပ်ပေးလျက်ရှိရာယနေ့ နံနက် (၉)နာရီခွဲအချိန်က အထက(တောင်ပေါ်ရပ်) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းအောင်ဦးဆောင်သော ဝန်ထမ်းများက အဆိုပါ ကျောင်းရှိ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေး ကတ်များ ထုတ်ပေးနိုင်ရေးကို စနစ်တကျစိစစ်ပြုလုပ်ပေးခဲ့ရာ အသက် ၁၀နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ (၃၃)ဦး တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံး၌ ကော့ကရိတ်မြို့နယ်အတွင်းသွားလာ ရခက်ခဲသည့် ကျေးရွာအုပ်စုများမှ အသက် ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ (၃၈)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ သိရသည်။

စောအောင်မျိုးလွင်