မြဝတီ ဒီဇင်ဘာ ၃၁
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်း စကားပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပသည်။ ရှေးဦးစွာအခမ်းအနားတွင် မြို့နယ် ပညာရေးမှူးဦးမြင့်ဦးက ကျပန်းစကား ပြောပြိုင်ပွဲပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့်အခြေခံပညာ အထက်တန်းနှင့်အလယ်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က နိုင်ငံတစ်နိုင်ငံတည် ဆောက်ရေးတွင် လွတ်လပ်ရေးသည်မရှိမဖြစ် လိုအပ်သည့် ပင်မရင်းမြစ်အသက် သွေးကြောဖြစ်သည်၊ လွတ်လပ်ရေးကိုအခြေတည် ပြည်ထောင်စု ဖွားသွေးချင်းများ သွေးစည်းချစ်ကြည်လက်တွဲ ညီကြမည်နှင့်(၇၄)နှစ် မြောက်မှ သည် ထောင်စု နှစ်များဆီဦးတည်လို့လွတ်လပ် ရေးအမွေကို ထိန်းသိမ်းကြပါစို့ ခေါင်းစဉ်များဖြင့် ကျပန်း စကားပြောပြိုင်ပွဲများဝင် ရောက်ယှဉ်ပြိုင်ကြသည်။
ဆက်လက်၍(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့် လွတ်လပ်ရေးအမွေနှင့် အနာဂတ်မျိုးဆက်သစ်တို့၏ တာဝန်ဖြင့် စာစီစာကုံးပြိုင်ပွဲကို အခြေခံ ပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၁၀)ဦးတို့က ပါဝင် ယှဉ်ပြိုင်ကြသည်။
အဆိုပြိုင်ပွဲများအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်နှင့်သက်ဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအား ပေးပြီး စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရာ မြစန္ဒီပန်းခြံတွင်ဆုများ ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
မန်းသန်းရွှေမြင့်