ကျောင်းကုန်း ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဇရပ်ကွင်းကျေးရွာ တောင်သူ ဦးမျိုးမင်းဇော်၏ ကွင်းအမှတ် ၃၈၄ D၊ ဦးပိုင်အမှတ် ၁၇/၅ လယ်မြေတွင် မိုးစပါး ပေါ်ဆန်းဘေးကြားကြီး (၂၀)ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထင်ကျော်ဦးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ယနေ့သရုပ်ပြပွဲတွင် (၀.၁၀)ဧကကို စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် (၈၀)တင်းနှုန်း ထွက်ရှိခဲ့ ကြောင်း ယခုအခါ ပေါ်ဆန်းစပါးဈေးနှုန်းသည် တစ်တင်းလျှင်ငွေ (၁၂၀၀၀) ကျပ် ပေါက်ဈေးရှိ နေခြင်းကြောင့် ပေါ်ဆန်းစပါးစိုက်ပျိုးသည့် တောင်သူများသည် အခြားစပါးစိုက်ပျိုးသူများထက် ပိုမိုတွက်ခြေကိုက်ကြောင်းနှင့် ပေါ်ဆန်းစပါးသည် ဓာတ်မြေဩဇာ လိုအပ်မှု နည်းပါးခြင်းကြောင့် တောင်သူများအတွက် ပိုမိုစိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)