ကသာ ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများနှင့် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူများအား ဒီဇင်ဘာလ(၃၀)ရက်နေ့၊ နံနက်(၉)နာရီအချိန်မှစ၍ ကသာမြို့တော်ခန်းမတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ရာ ယင်းနေ့အထိ စုစုပေါင်း လူဦးရေ(၂၂၅၄၀)ဦးကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကသာမြို့နယ်တွင် COVID Shield ကာကွယ်ဆေးကို လူဦးရေပေါင်း(၂၆၀၀)ဦးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဒီဇင် ဘာလ(၃၀)ရက်နေ့အထိတွင် လူဦးရေပေါင်း (၂၂၅၄၀)ဦးတို့ကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး Sinovac ကာကွယ် ဆေးကို ကျောင်းသား၊ကျောင်းသူပေါင်း(၃၀၃၂)ဦးအထိ ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးရသေးသည့် ကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ်ထိုးနှံခြင်းနှင့် ပထမအကြိမ်ထိုးနှံပြီးသည့် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ရေးလုပ်ငန်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက်ပေးကြသည်။
ခရိုင်(ပြန်/ဆက်)