နမ္မတူတွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

နမ္မတူ ဒီဇင်ဘာ ၃၁

နမ္မတူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အားကစား ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ဆောင်ရွက်သည်။

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဒေါ်ရွှေမာက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် အားကစား သမားများ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာတွင် အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ အားကစား နှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများ အားလပ်ချိန်တွင် ကစားရန် အားကစားနည်းများဖြစ်သည့် ဘော်လီဘော၊ ဘော်လုံး၊ ပိုက်ကျော်ခြင်း ကစားနည်းတို့အတွက် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ သည်။

ဆက်လက်၍ အားကစားမှူးနှင့် အဖွဲ့က ဦးဆောင်၍ Fitness Dance အကဖြင့် သရုပ်ပြကပြခဲ့ရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၅၀)ဦးခန့်က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း နမ္မတူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဒေါ်ရွှေမာထံက သိရသည်။

လူမော် (ပြန်/ဆက်)