ကမမောင်းမြို့ အမက(၁)မူလွန်ကျောင်း၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲ ကျင်းပ

ကမမောင်း      ဒီဇင်ဘာ  ၃၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အမက(၁)မူလွန်ကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ( ၄) ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲကို အခြေခံပညာကျောင်းများတွင် ကျင်းပ ပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတတ်စေခြင်း၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေခြင်း၊ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားတတ်ခြင်း စသည့်အကျိုးကျေးဇူး ရရှိစေရန် ရည်ရွယ်ပြီးပြိုင်ပွဲများကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲကို မူလတန်းအဆင့်၊ ဘောလုံးပြိုင်ပွဲ၊ အ‌ပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အပ်ချည်ထိုး ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဇန်ပျော်ပွဲရွှင်ပွဲ များ၊ အားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပဆောင်ရွက်မည် ဖြစ်ကြောင်နှင့်ဆုရရှိသူများအား ဆုများ‌ပေး အပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)