မင်းဘူးမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်နေ့အထိမ်းအမှတ်အဖြစ် ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ စုပေါင်းသွေးလှူဒါန်း

မင်းဘူး ဒီဇင်ဘာ ၃၁

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကြရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်န့ နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ ခရိုင်ပြည်သူ့ ဆေးရုံးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာ၌ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော လူနာများအတွက် အရေးပေါ် သွေးလိုအပ်မှု အခက်အခဲမဖြစ်ပေါ်စေရန် မင်းဘူးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ သွေးလှူဒါန်းမည့်သူများအားလုံးကို သွေးဖောက် စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပြီး သွေးလှူဘဏ်တွင် ထိမ်းသိမ်းထားမည့် A ၊ B ၊ AB နှင့် O သွေးအမျိုးအစား ၁၄ လုံးကို လှူဒါန်းခဲ့သည်။ အဆိုပါ သွေးလှူဒါန်းသူများ အားလုံးကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကြည့်ရှုအား ပေးခဲ့ပြီး အားပြည့်ဖြည့်စွက် အစားအစာများကို ပြန်လည်ပေး အပ်ခဲ့သည်။

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲအဖြစ် နောင်တွင် အရေးပေါ် သွေးလိုအပ် လာပါက အရန်သင့် သွေးများလှူဒါန်းပေးနိုင်ရန်အတွက် မင်းဘူးခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများမှ ကြိုတင်စာရင်းပေးသွင်းထားသူ (၁၈)ဦး၏ သွေးအမျိုးအစားများ မှတ်တမ်း ရယူခြင်းနှင့် လိုအပ်သောစစ်ဆေးမှု များကို ကြိုတင်ပြုလုပ်ကာ အရေးပေါ်သွေးလိုအပ်ချိန်၌ လိုအပ်သည့် သွေးအမျိုးအစားအလိုက် သွေးအလှူရှင် များကို ခေါ်ယူ၍ ဆေးရုံကြီးတွင် သွေးများ လာရောက်လှူဒါန်းပေးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းသွေးလှူဒါန်းပွဲ၌ သွေးဖောက် လှူဒါန်းသူ (၁၄)ဦးနှင့် လိုအပ်သောအချိန်တွင် သွေးများလှူဒါန်းပေးရန် ကြိုတင် စာရင်း ပေးသွင်းထားသူ (၁၈)ဦးရှိကြောင်း မင်းဘူးခရိုင်ပြည်သူ့ဆေးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)