ပွင့်ဖြူ ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ကပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လာရောက်အသိပေး ရှင်းလင်းဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ကျေးရွာ နေပြည်သူ များအနေဖြင့် မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက်သတ်မှတ်ဆေးထိုးအကြိမ်ရေပြည်မီအောင် ထိုးနှံကြရန် နှင့်မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိကြရန်၊ဒေသခံပြည်သူများအနေဖြင့်မိမိတို့ရပ်ရွာအေးချမ်း သာယာမှုရှိ စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ချပြရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိုသည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ဒေသခံပြည်သူ များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထား လိုက်နာ သွားကြရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ခင်ဝါဝါလှိုင် ( ပြန်/ဆက် )