ကော့သောင်းမြို့တွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ

ကော့သောင်း ဒီဇင်ဘာ ၃၁ 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharmအား ရပ်ကွက်နှင့်ကျေးရွာများအလိုက်ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်များမှ ဆေးထိုးရန်ကျန်ရှိသူ ရပ်ကွက်ပြည်သူများအား ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန် စာရင်းပေးထားပြီး ပထမကြိမ်ဆေးထိုးနှံပြီးသူ အသက်(၁၈)နှစ်အထက် မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ယနေ့မြို့ပေါ်ရပ်ကွက်များမှ ပထမကြိမ်ဆေးထိုးနှံပြီး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူ ရပ်ကွက်ပြည်သူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်အနေဖြင့် ဒီဇင်ဘာလ (၃၀)ရက်နေ့အထိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းဇယားအချက်အလက်များအရ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူ(၅၀၀၀၀)နီးပါးရှိပြီးဖြစ်ကြောင်း၊ တစ်မြို့နယ်လုံးရှိလူဦးရေအရ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံနိုင်မှု(၅၁.၉၆)ရာခိုင်နှုန်းခန့်ရှိပြီးဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)