မကွေး ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက် ၁၀ နာရီက ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေ ရရှိရေး မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိရာ ဆိုလာစနစ်ဖြင့် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက် မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဦးက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်ခြင်းအားဖြင့် မိုးကောင်းသောက် လယ်မြေဧက(၂၀၀)အား တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခု ဖြစ်သလို မကွေးတိုင်းဒေသကြီး ဟာလည်း စိုက်ပျိုးရေးကိုအခြေခံတဲ့ ဆီထွက်သီးနှံအများဆုံး စိုက်ပျိုးထုတ်လုပ်ရာ တိုင်းဒေသကြီး တစ်ခုလည်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးဟာ နိုင်ငံ၏ ကြောရိုး သဖွယ် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်သလို ညံတောအင်းကျေးရွာမှ တောင်သူများစိုက်ပျိုးရာတွင် အဆင်ပြေစေရန် ယခုမြစ်ရေ တင်စီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြစ်ရေတင် စီမံကိန်း ပြီးစီးသွားပါက ကျေးရွာသူ၊ ကျေးရွာသားများ အနေဖြင့် ပိုမို၍ ဆထက်ထမ်းပိုး ဝိုင်းဝန်း စောင့်ရှောက်သွားကြရမှာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသော တောင်သူများနှင့် ညံတောအင်းကျေးရွာ အုပ်ချုပ်ရေးမှူး တို့က လမ်းမကောင်းသည့်အတွက် လမ်းခင်းပေးရန် တင်ပြခြင်း၊ ဇောင်ချမ်းတောင်ကျေးရွာမှ မြစ်အနောက်ဘက်ခြမ်းမှ ကျေးရွာများအတွက် မည်သည့်ကျေးရွာတွင်ဖြစ်စေ မြစ်ရေတင် စီမံကိန်း ဆောင်ရွက်ပေးစေလိုကြောင်း၊ လယ်မကျေးရွာ ဒေသခံများမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ကားလိုအပ်ချက်နှင့် ဆင်ပေါင်ဝဲမြို့နယ် တူလူကျေးရွာ နှင့် သရက်မြို့နယ် ရွာသစ်ကြီးကျေးရွာမှ ကျန်ရှိနေသည့် လမ်းအပိုင်းအားလည်း ဆက်လက် ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မီးသတ် ကားများ လွယ်လင့်တကူ ဝင်/ထွက်နိုင်သည့် လမ်းအကျယ်ရှိအောင် ဆောင်ရွက်ထားဖို့လို ကြောင်း၊ ဇောင်ချမ်းတောင်ကျေးရွာသို့ ကွင်းဆင်း၍ မြစ်ရေတင် စီမံကိန်းအတွက် ဆက်လက် ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကာ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဆရာဝန်ကြီးတို့ထံ RDT Test Kit ၊ Hand Gel များအား ထောက်ပံ့ပေးအပ်ခဲကြောင်းနှင့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေး ခဲ့ကြောင်း သိရသည်။
မောင်ညီညာ