ပဲခူးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူး ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီ၊ ပဲခူးခရိုင်၊ ပဲခူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သီရိပညာ ခန်းမ၌ ယနေ့နံနက်(၁၀:၃၀)နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက အသိပညာပေး ဟောပြောပွဲကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်အောင်ရီက “အသိပညာနှင့်လွတ်လပ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ပဲခူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)က "လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ပါ"ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ များအား အသိပညာ တိုးပွားစေရန်အတွက် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာမ ဝတ်ရည်ခင် (ပဲခူး)က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းစာကြည့်တိုက်အတွက် စာအုပ် (၅၀)အုပ်အား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ အမှတ်(၁)အ​ခြေခံ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)