မြစ်ကြီးနား သြဂုတ် ၂၄
ကချင်ပြည်နယ်စာရင်းစစ်ရုံး၏ လက်ထောက်စာရင်းစစ်မှူးများအတွက် စာရင်းစစ်လုပ်ငန်းများ ကျွမ်းကျင်မှု ရှိစေရေး ရည်ရွယ်၍ လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၅၁) သင်တန်းကို (၂) လကြာဖွင့်လှစ်သွားမည်ဖြစ်ရာ ယနေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းဖွင့်ပွဲကို ပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ -၂ ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ဗီဒီယိုကလစ်ဖြင့် အဖွင့်မိန့်ခွန်းပြောကြားပြီး ပြည်နယ် စာရင်းစစ်ချုပ် ဦးတင်လှိုင်က ယခုသင်တန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ပုံမှန်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်နယ်၌သာ ဖွင့်လှစ်ရကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားရသည့် ဘာသာရပ်များအလိုက် လေးစားလိုက်နာပြီး လက်တွေ့လုပ်ငန်းခွင်တွင်အထိ ကောင်းမွန်စွာအသုံးချနိုင်ကြရေး ကြိုးစားသင်ယူကြရေး၊ အထူးသဖြင့် ပြည်ထောင်စုစာရင်းချုပ်၏ လမ်းညွှန်ချက်များအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ကြရေး သင်တန်းသားများအား မှာကြားသည်။
အဆိုပါ သင်တန်းကို ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား၊ သင်တန်းသူ(၂)ဦး ပြည်နယ်အတွင်းရှိ ဒေသရုံးများမှ သင်တန်းသား၊ သင်တန်းသူ(၄)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ(၆)ဦး တို့အား ကထိက (၈)ဦးတို့မှ စာရင်းစစ်လုပ်ငန်းဆိုင်ရာ ဘာသာရပ်(၁၂)ခု တို့ဖြင့် သင်တန်းကာလ ရက်သတ္တပတ် (၁၀)ပတ် ကြာမြင့်စွာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ သိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)