အရာတော် ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းသား၊ ကျောင်းသူလေးများ အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီ အချိန်ကစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ပညာရေးဌာန၏ ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများ၌ စီစဉ်ကျင်းပခဲ့ပြီး အားကစားပြိုင်ပွဲများတွင် အလယ်တန်း အဆင့် (ကျား/မ)မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ ထုပ်စည်းတိုးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် မူလတန်းအဆင့်(ကျား/မ)အပြေးပြိုင်ပွဲ၊ အိတ်စွတ် ပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ဆက်လက် ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက တက်ရောက် အားပေးကြည့်ရှုခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ ကျင်းပမည့် (၇၄ )နှစ်မြောက်လွပ်လပ်ရေးနေ့ အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)