ပုသိမ် ဒီဇင်ဘာ ၃၀
ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အသက်(၂၅)နှစ် အောက်အမျိုးသမီးဘောလုံးအသင်းအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေ၊ အားပေးစကားပြောကြားနှင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ယနေ့နံနက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားတစ်ဦးချင်းစီက မိတ်ဆက်ခြင်း၊ အဖွဲ့ခေါင်းဆောင် ဦးကျော်သန့်က အသင်း၏ဖွဲ့စည်းမှု၊ ပြိုင်ပွဲဝင်ရောက်မည့် အခြေအနေများအား ရှင်းလင်းပြီး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က" မြန်မာအားကစားမြှင့်တင်ရန် နိုင်ငံတော်အစိုးရက ရေရှည်မူဝါဒချမှတ်ပြီး အားပေးလျက်ရှိ နေကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး U-25 အမျိုးသမီးဘောလုံး အသင်းအနေဖြင့် ယခင်နှစ်များက ဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိခဲ့သည့်အတွက် ယခုနှစ်တွင် ယခင်နှစ် အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းရင်း ယခုနှစ်တွင် ယခင်နှစ်ထက် ပိုမိုတိုးတက်အောင် ကြိုးစားကြစေလိုကြောင်း၊ ဧရာဝတီတိုင်းအနေဖြင့် နိုင်ငံဂုဏ်ဆောင် အမျိုးသမီးဘောလုံးအသင်းတွင် ထူးချွန်အားကစားသမားများရှိခဲ့သဖြင့် ယခုလည်း တစ်ဦးချင်းထူးချွန်အား ကစားသမားများဖြစ်ရေးနှင့် အဖွဲ့လိုက် စုစည်းခြင်း၊ ချိတ်ဆက်ခြင်းကောင်းသည့် အသင်းဖြစ်ရေး ကြိုးစားကြစေလိုကြောင်း၊ အသင်းအုပ်ချုပ်သူများကလည်း အသင်းသားများ၏ ကျန်းမာကြံ့ခိုင်ရေး၊ နေထိုင်စားသောက်ရေး၊ သွားလာရေးမှ အစစအရာရာ အဆင်ပြေမှုရှိစေရန် ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ အားကစားသမားများအနေဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစား သမားများအဖြစ်မက နိုင်ငံဂုဏ်ဆောင် ထူးချွန်အားကစားသမားများဖြစ်ရေး ကြိုးစားကြရန် လိုကြောင်း ”ပြောကြားပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်ကတိုင်းဒေသကြီးU-25 အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၁၂)သိန်းအား ပေးအပ်ရာ အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများက လက်ခံရယူခဲ့ကြပြီး ဝန်ကြီးချုပ်က အားကစား သမားတစ်ဦးချင်းစီအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီ (၇)ရက်မှဇန်နဝါရီ(၂၄)ရက်နေ့ အထိနေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုတွတ် (ပြန်/ဆက်)