အောင်လံ ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄နာရီက မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်၌ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကူးစက်မှုများ ရှိနေပြီဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျလိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင် သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု နှစ်ကြိမ်ပြည့်အောင် ထိုးနှံခြင်းကို အထူးဂရုပြု ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ မျိုးဗီဇပြောင်း အိုမီခရွန်အပါအဝင် ရောဂါပိုးများကို သတိပြုကာ မိမိက စ၍ ကာကွယ်ကြပါရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ထိုးနှံကြပါရန် တို့ကို နှိုးဆော်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)